ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ချေးငွေများ ဆီဆိုင်မြို့နယ်၌ ထုတ်ပေး

ဆီဆိုင် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) တတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဘန့်ဗွီးကျေးရွာအုပ်စု၊ ဘန့်ပလန်ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်က ကျေးရွာရှိ ရပ်မိ/ရပ်ဖများ၊ စီမံကိန်းကော်မတီဝင်များ၊ အသင်းသူ/အသင်းသားများအား ကျေးရွာမတည်ရန် ပုံငွေစီမံကိန်းအကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စီမံကိန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား အောင်မြင်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြားသည်။ ဆက်လက်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အသင်းသူ/အသင်းသား စုစုပေါင်း(၆၈)ဦးထံသို့ စီမံကိန်းချေးငွေ(၃၂၄၅၀၀၀၀)ကျပ်ကို တာဝန်ရှိသူများက ကျေးလက်နေပြည်သူများထံသို့ စနစ်တကျပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)