မအီမြို့တွင် အခြေပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေး

မအီ ဇူလိုင် ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြို့ပေါ် အခြေခံပညာကျောင်းများနှင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ တည်ရှိရာ ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ်များထားရှိ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ထိုသို့ ကျောင်းအခြေပြု ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပထမအကြိမ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသား (၂၉၀၆) ဦးကို ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ယနေ့ထိုးနှံမှုတွင် (၅၈၇)ဦးကို ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြသည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို အလားတူ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။

မောင်မောင်ဌေး (ပြန်/ဆက်)