ပုဗ္ဗသီရိ ဇူလိုင် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာနတ်သျှင်(ရွှေဂူ) ရေးသားထားသည့် "လူငယ်နှင့်အချိန်၏ တန်ဖိုး" ခေါင်းစဉ်ဖြင့် Online မှတစ်ဆင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)က "လူငယ်တွေဟာ မိသားစုရဲ့အညွန့်အဖူး၊ တိုင်းပြည်ရဲ့အင်အား၊ ကမ္ဘာမြေရဲ့သူရဲကောင်း၊ အနာဂါတ်မျိုးဆက်သစ်တွေဖြစ်ကြောင်း၊ အချိန်ကိုတန်ဖိုးမထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် တန်းဖိုးမထားခြင်းနှင့် အတူတူပင်ဖြစ်ပါကြောင်း၊ အခြေအနေကို ကိုယ်ကမဖန်တီးရင် အခြေအနေကဖန်တီးတဲ့အတိုင်း ကိုယ်နေရမည်ဖြစ်ကြောင်း၊ အချိန်ဆိုတာ လူတစ်ယောက် ဖြုန်းနိုင်တဲ့ အဖိုးတန်ဆုံးအရာတစ်ခုဖြစ်ကြောင်း၊ လူငယ်တွေအနေနဲ့ အချိန်ဆိုတဲ့အရာဟာ ဘဝဖြစ်တယ်ဆိုတာကို လက်ခံပေးဖို့လိုပါကြောင်း၊ ဒါကြောင့်လူငယ်တွေဟာ ကိုယ်ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို အလဟဿဖြုန်းတီးမနေဘဲ အချိန်ရဲ့တန်ဖိုးကို ကိုယ်တိုင်သိရှိနားလည်ပြီး အောင်မြင်တိုးတက်သောဘဝ၊ ထူးချွန်ထက်မြတ်သော ဘဝတွေဖြစ်လာအောင် ကိုယ်တိုင်တည်ဆောက်ရန်လိုကြောင်း " စသည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)