မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မန်တုံ ဇူလိုင် ၁၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁၁)စာစောင်မှ စာရေးဆရာ မယ်ထွေးလေးရေးသားသည့် “အနာဂတ်ပန်းများ ဝေဆာပွင့်လန်းတော့မည်” ခေါင်းစဉ်ဖြင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်ယုယုအောင်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့်အများ အကျိုးဆောင်ရွက်နိုင်စေရန်၊  လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မောင်ခိုင်မြဲ (Grade-9)မှ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသားတစ်ဦးချင်း၏ ပညာရည်မြင့်မားခြင်းနှင့် အများဆုံးသက်ဆိုင်ကြောင်း၊ “ပညာပြည့်ဝနှလုံးလှ” ဆိုသလို ပညာရည် ပြည့်ဝသည့်ကျောင်းသား၊ ကျောင်းသူ၊ လူတော်၊ လူကောင်းများဖြစ်အောင် ကျောင်းသားအရွယ် ကလေးဘဝကပင် စတင်ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ မမာမာဦး(Grade-9)မှကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှောင့်နှေးခြင်းသည်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကိုနှေးကွေးစေသည့်အတွက် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ပညာရေးကဏ္ဍကို အပြည့်အဝအလေးထား ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ကြရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ချမ်းသာကြွယ်ဝသည့်နိုင်ငံများကို နှိုင်းယှဉ်ပါက ပညာရေးကွာဟချက် မြင့်မားနေသည်ကိုတွေ့ရကြောင်း၊ မလွေးအေးအောင်(Grade-9)မှ ပညာသင်ကြားသည့်အရွယ်တွင် ပညာကိုတတ်မြောက် အောင်မြင်ပြီးဆုံးအောင်သင်ယူနိုင်ပါက နောင်ဆက်လက်ရှင်သန်ရမည့် ဘဝတစ်လျှောက်လုံးတွင် ပညာကိုကောင်းစွာအသုံးချကာ ဘဝရပ်တည်အောင်မြင်နိုင်မည်ဖြစ်ကြောင်း အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်းဖတ်ကြားကြပြီး ခေါင်းစဉ်ပါ အကြောင်းအရာများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)