ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

ဝမ်းတွင်း ဇူလိုင် ၁၅  

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်က ညံကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) မိတ်ဆက်ရာတွင် မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါကျေးရွာများအနက် ညံကန်ကျေးရွာတွင် စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းဆိုတာ ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာလူထု ထည့်ဝင်ရန်ပုံငွေတို့ဖြင့် ကျေးရွာလိုအပ်ချက်ကို ကျေးရွာသူ၊ ကျေးရွာသားများ၏ အများဆန္ဒဖြင့်ရွေးချယ်ခြင်း၊ ဆုံးဖြတ်အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်ကြောင်း၊ ကျေးရွာလုထုကိုယ်တိုင် မိမိကျေးရွာအတွက် စုပေါင်းပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကျေးရွာကော်မတီကို အများဆန္ဒဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူ များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)