မိုင်းယုမြို့၌ မိုးအစေ့ထုတ်ပြောင်းများ စတင်ရိတ်သိမ်းခူးဆွတ်

မိုင်းယု  ဇူလိုင် ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တောင်သူတို့၏ မိုးဦးစိုက်အစေ့ထုတ်ပြောင်းများ ရင့်မှည့်လာ၍ အထွက်နှုန်းနှင့် အမြတ်များများရရှိရန်အတွက် ယခု ဇူလိုင်လ ဒုတိယပတ်ကစတင်၍ ရိတ်သိမ်းဆွတ်ခူးနေကြပြီဖြစ်သည်။

မိုင်းယုဒေသတွင် ဒေသခံတောင်သူများမှာပြောင်းကို တန်ခူးလဆန်းပိုင်း(သင်္ကြန်မိုးဦး) ကျသည်နှင့် စတင်စိုက်ပျိုးကြပြီး ပြောင်းမျိုးများမှာ Cp.888 ယိုးဒယား 288 F.888 နှင့် Cp.222 မျိုးများကိုသာ အဓိက အားထားစိုက်ပျိုးကြကြောင်း၊ တောင်သူတို့ မိုးအစေ့ထုတ်ပြောင်းများကို ဧက(၂၀၀၀) ကျော်ထိ စိုက်ပျိုးထားလျက်ရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် သားရဲတိရိစ္ဆာန်တို့၏ ဘေးအန္တရာယ်ကို ကျရောက်မှုနည်းပါးစေရန်အတွက်သော်လည်းကောင်း၊ အထွက်နှုန်းများများရရှိရန်နှင့် အမြတ်ငွေများများရရှိရန်အတွက်သော်လည်းကောင်း တောင်သူတို့ အလျင်အမြန်ရိတ်သိမ်းခူးဆွတ်နေကြရကြောင်းနှင့် ယခင်နှစ် ပြောင်းတစ်ကီလိုလျင်ကျပ် ၃၁၂ ကျပ်ပေါက်ဈေးရှိပြီး တစ်ဧကလျှင် ၈၀  တင်းခန့်ထွက်ရှိမည်ဆိုပါက ငွေကျပ် ၆၂၄၀၀၀ ရရှိကာ ကုန်ကျစရိတ်မှာ ၃၅၈၀၀၀ သာကုန်ကျမည်ဖြစ်၍ အမြတ်ငွေ ၂၆၆၀၀၀ ကျပ် ရရှိမည်ဖြစ်ကြောင်း တောင်သူကပြောသည်။

မိုင်းယုမြို့တွင် တောတောင်ရေမြေအရ ကောင်းမွန်လျက်ရှိ၍ ဒေသခံတောင်သူတို့မှာ ဆန်၊ စပါး၊ ပြောင်းနှင့် နှစ်ရှည်ရော်ဘာပင်များကို အဓိကအားထားစိုက်ပျိုးကြပြီး ယခင်နှစ် ရော်ဘာပင် စိုက်ဧကမှာ ၁၂၀၀၀ကျော်၊ ပြောင်းစိုက်ဧက  ၂၀၀၀ကျော်နှင့် မိုးစပါးစိုက်ဧက ၁၂၀၀၀ကျော်ထိရှိခဲ့ကြောင်း ဒေသဆိုင်ရာအချက်လက် စာရင်းများအရသိရသည်။

ကိုကိုနိုင်