သထုံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်

သထုံ ဇူလိုင် ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ ( Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိပြီး အသိဉာဏ်ပညာကြွယ်ဝစေရန် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့မှုများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့နှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် ရှားပါးမှတ်တမ်းဓာတ်ပုံများတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)