မုံးကိုး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန် စာပေဝါသနာရှင် (Book Club) အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲအား ယမန်နေ့နေ့လည် (၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး(ကိုယ်စား) ဒေါ်လွေးအမ်ဆေးက ဤကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ စာပေဝါသနာရှင်များ၊ စာဖတ်ဝါသနာရှင်များ တိုးပွားလာစေရန်နှင့် စာအုပ်စာစောင်များမှ စရရှိသည့် ဗဟုသုတများအား စာဖတ်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူ(Book Club)အသင်းသားများက စာရေးဆရာဖေမြင့်၏ “အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်သူအချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းစာဖတ်ဝိုင်းသို့ တက်ရောက်သူ စုစုပေါင်း (၁၂)ဦးရှိကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)