ကျောက်ဆည် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဇူလိုင်(၁၁)ရက်နေ့မှစတင် မြို့နယ်အတွင်းရှိ ခိုင်းနွားများနှင့်နို့စားနွားများအား ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မှိုင်းပန်ကျေးရွာတွင် နွားကောင်ရေ(၅၃၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တိရိစ္ဆာကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲနိုင် ဦးဆောင်မှုဖြင့် နယ်မြေခံကျန်းမာရေးလုပ်သား(၃)ဦးတို့က ကျေးရွာအတွင်းရှိနွားမွေးမြူထားသည့် ပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်ဝင်တစ်အိမ်ထွက်သွားရောက်ကာ မိုးရာသီတွင် နွားများ၌ ဖြစ်ပွားတတ်သည့် ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ခိုင်းနွားများ၊ နို့စား နွားများနှင့်ဝက်များ ဆုံးရှုံးမှုမရှိစေရေး ပေါင်ပုပ်လက်ပုပ်ရောဂါ ကြိုတင်ကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ပြီး ခွာနာလျာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ် ဆေးများ ကျေးရွာများကွင်းဆင်းကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်