နမ္မတူ ဇူလိုင် ၁၅
ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် မူလတန်းအဆင့်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က အာဇာနည်ဆိုသည့်အဓိပ္ပါယ်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့ပုံ၊ အာဇာနည်နေ့သမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိ စသည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပခဲ့ရာ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသာများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲအားပြသခဲ့ရာ တက်ရောက်လာသည့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)