နည်းပညာတက္ကသိုလ်(လားရှိုး)၌ (၁၆၀)ဦးဆံ့ ကျောင်းသား/ကျောင်းသူအိပ်ဆောင် RC(၃)ထပ် အဆောက်အဦပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်

လားရှိုး ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နည်းပညာတက္ကသိုလ်(လားရှိုး)၌ လူဦးရေ(၁၆၀)ဆံ့ ကျောင်းသား/ကျောင်းသူ အိပ်ဆောင် RC (၃)ထပ်အဆောက်အဦနှင့် ထမင်းစားဆောင် အဆောက်အဦပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏နိုင်ငံ့စွမ်းဆောင်ရည်ဆုရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ၊ မြို့နယ်သံဃာနာယကအဖွဲ့၊ ဥက္ကဋ္ဌ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ ကြွရောက်ချီးမြှင့်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ နည်းပညာတက္ကသိုလ်(လားရှိုး)ပါမောက္ခချုပ်ဒေါက်တာ မျိုးဇော်ထွန်းနှင့် မြန်မာရတနာရွှေခေတ်ကုမ္ပဏီ ဒါရိုက်တာ ဦးစိုင်းဘိုဘိုနှင့် တာဝန်ရှိသူများက အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာတွင် ပန္နက်တိုင်ကိုစိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။

ယခုဆောက်လုပ်မည်ဖြစ်သော အဆောက်အဦသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်ပါဝင်ကာ အလျား(၁၉၄)ပေ၊အနံ(၁၃၇)ပေရှိ RC အမျိုးအစား(၃)ထပ်၊ ကျောင်းသား/ကျောင်းသူ(၁၆၀)ဦးဆံ့ အိပ်ဆောင်နှင့် ထမင်းစားဆောင်(၁)လုံးတို့အား လုပ်ငန်းတန်ဖိုး (၁၅၈၀.၇၄၇)သန်းဖြင့် မြန်မာရတနာရွှေခေတ် ဆောက်လုပ်ရေးကုမ္ပဏီက တင်ဒါအောင်မြင်ပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ နည်းပညာတက္ကသိုလ်(လားရှိုး)ရှိ စာကြည့်တိုက်တွင်လည်း နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ၊ မြို့နယ်သံဃာနာယကအဖွဲ့၊ ဥက္ကဋ္ဌ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း ဆက်ကပ်ခဲ့ကြကြောင်းသိရသည်။

ဟန်ဌေး(လားရှိုး)