တံတား ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinopharm) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ ပေါင်းစပ်၍ ကျောင်းသားကျောင်းသူများတွင် နှာခေါင်းသွေးလျှံခြင်း၊ ခေါင်းမူးခြင်း၊ တစ်ပတ်အတွင်း ဖျားနာခြင်းရှိသူများအား ဆေးထိုးနှံခြင်းမပြုဘဲ ကျန်းမာရေးကောင်းသော ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများက သဘောတူလက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျောင်းသားကျောင်းသူ (၃၃၀)ဦးအား ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးဖြူလွင် (တံတား)