သထုံ ဇူလိုင် ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် မြန်မာစာစွမ်းရည် တိုးတက်မြင့်မားလာစေရေးအတွက် ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့ကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများကျင်းပရာတွင် ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းရှိန်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲတွင် ပါဝင်ရမည့်အကြောင်းအရာများ၊ ပြိုင်ပွဲ စည်းကမ်းချက်များကို လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါနေ့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို "မေ့မရနိုင်သောအာဇာနည်ခေါင်းဆောင်ကြီးများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို "၁၉ ဇူလိုင်မမေ့နိုင်" ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၃ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲမှ ဆုရရှိသူများကို ဇူလိုင်(၁၉)ရက်၊ အာဇာနည်နေ့အခမ်းအနား၌ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)