သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲ ဇူလိုင် ၁၄

သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သံတွဲမြို့နယ်တွင် အရေးပေါ် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လက်တွေ့ဇာတ်တိုက် သရုပ်ပြ လေ့ကျင့်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သည့် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းကို တစ်လလျှင် နှစ်ကြိမ်ဆောင်ရွက်ရေး၊ ဂွမြို့နယ်တွင် ဆိုင်ကလုံးရှယ်တာ (၃)လုံး ဆောက်လုပ်နိုင်ရေး တင်ပြရန်၊ ခရိုင်/မြို့နယ်များအလိုက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ပြီး ပြည်သူများ သိရှိနားလည်အောင် ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ကြရေး၊ သတင်းပြန်ကြားရေး ကော်မတီများအနေဖြင့် မုန်တိုင်းအန္တရာယ်အတွက် အရောင်အဆင့်အလိုက် သတ်မှတ်ထားရှိမှုအား ပြည်သူများသိရှိနားလည်အောင် နှိုးဆော်ပေးရန်၊ အရောင်အဆင့်အလိုက် (၄ ပေx ၆ပေ)အလံ ၄ ခု ထားရှိပြီး ဆိုင်ကလုံးရှယ်တာများနှင့် အရေးပေါ်ကယ်ဆယ်ရေးစခန်းများတွင် အဆင့်အလိုက်လွှင့်ထူထားရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွါးပါက အသုံးပြုရန် စုဆောင်းထားရှိ သော စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ သိုလှောင်ထားရှိမှုများအား စာရင်းပြုစုပြီး ကော်မတီသို့တင်ပြရန်၊ ဆိုင်ကလုံး ရှယ်တာများ ပြင်ဆင်ပြီး၊ ပြင်ဆင်ဆဲ၊ မပြုပြင်ရသေးသည့် အခြေအနေများကို စာရင်းပြုစုတင်ပြရန်နှင့် ဒေသဆိုင်ရာ လူမှုရေးအသင်းအဖွဲ့မှ အမှန်အကန် ဆောင်ရွက်နိုင်မှုအင်အား ပြုစုတင်ပြကြရေးတို့ကို ထပ်ဆင့်ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက သံတွဲမြို့နယ်အတွင်း ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းများကို အသေးစိတ် စီမံချက်များရေးဆွဲပြီး ထိထိရောက်ရောက်စနစ်တကျ ဆောင်ရွက်ကြရန်၊ ပြည်သူများနှင့် စာသင်ကျောင်းများကိုပါသွားရောက်ပြီး အသိပညာပေးဟောပြောပွဲများ ထိထိရောက်ရောက်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်