ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အကြား ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက်ထိုးနှံခြင်းကို မြို့နယ်အတွင်း ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းသတ်မှတ်စုရပ်နေရာ(၁၄၉)နေရာတို့တွင် ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၁၃)ရက်နေ့အထိ ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူ(၁၄၂၃၄)ဦးထိရှိကြောင်းလည်း သိရသည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်စေရေးအတွက် ထန်းတပင်မြို့နယ်အတွင်း အသက်(၅)နှစ်မှအသက်(၁၂)နှစ်အကြား ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ပထမအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်း ဇွန်လ(၂)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူ(၂၁၄၂၂)ဦးရှိသလို ယခုဒုတိယအကြိမ်မြောက်တွင်လည်း ကာကွယ်ဆေးထိုးနှံပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူ (၁၄၂၃၄)ဦးရှိကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျက်ရှိသလို ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများကသတ်မှတ်ထားသည့် ဆေးထိုးစုရပ်များအလိုက်ကြီးကြပ်ကာ ရပ်ကွက်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများအလိုက် ကူညီဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)