မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် စီမံခန့်ခွဲမှု၊ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းပို့ချခြင်း ဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် နေကြာသီးနှံအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများလိုအပ် လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရေး အတိုးနှုန်းသက်သာသည့် ချေးငွေများ(အရင်းမပျောက်မတည်ငွေများ) ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်းကြားရေးမှူး ဦးဆက်နိုင်ထွန်းက မြို့နယ်အတွင်း၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)များကို ရှောက်ကုန်းကျေးရွာ၊ အောင်မြေရိပ်သာကျေးရွာ၊ ဆင်သေကျေးရွာနှင့် သပြေသာကျေးရွာတို့တွင် ပထမဦးဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းကျေးရွာ(၄)ရွာမှ ကျေးရွာမြစိမ်းရောင်(ဆီထွက်သီးနှံ)ကော်မတီများဖွဲ့စည်းပြီး၊ ကော်မတီလုပ်ငန်းအဖွဲ့ဝင် (၃၂)ဦးကို စီမံကိန်းစီမံခန့်ခွဲမှု၊ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းပို့ချ သင်ကြားရခြင်းကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြဆရာများက မျိုးကောင်းမျိုးသန့်၊ သွင်းအားစု၊ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းများ ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်