မိုင်းဆတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြစိမ်းရောင်(အသားကဏ္ဍ)တတိယအကြိမ် လက်ဆင့်ကမ်းရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာနိုင်ထွန်းဦးက မြစိမ်းရောင်(အသားကဏ္ဍ) လက်ဆင့်ကမ်းရန်ပုံငွေအား နိုင်ငံတော်အစိုးရမှ ကျေးရွာဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ လူမှုစီးပွားအဆင်ပြေစေရန် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာတာဝန်ခံအနေဖြင့် အတိုးရငွေများကို ဘဏ်တွင် အပ်နှံထားပြီး (၃)နှစ်ပြည့်ပါက ကျေးရွာတွင် အခြားတိရစ္ဆာန်မွေးမြူရာတွင် အသုံးပြုနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ကျေးရွာနေပြည်သူများ အလုပ်အကိုင်ရရှိစေရန် နိုင်ငံတော်မှခွင့်ပြုပေးသည့်ရန်ငွေအား မိသားစုတစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက အတိုးရငွေများ ပေးသွင်းမှုများ၊ စာရင်းဇယားများနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းတို့က မြစိမ်းရောင်(အသားကဏ္ဍ) တတိယအကြိမ် လက်ဆင့်ကမ်းရန်ပုံငွေကျပ်သိန်း(၃၀၀)ကို ပါခါးကျေးရွာအတွက်ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူနှင့် ရွာသားများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)