ချီဖွေမြို့နယ် အ‌ခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟော‌‌‌ပြောပွဲကျင်းပ

ချီဖွေ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျ‌ရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(ချီဖွေ)၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြင့်အေးက အနာဂတ် ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတကြွယ်ဝစေရန် "အာဇာနည် ပုဂ္ဂိုလ်များ၏ သိကောင်း စရာအတ္ထုပ္ပတ္တိများနှင့် အာဇာနည်နေ့သမိုင်းကြောင်း" များကိုလည်း​ကောင်း၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ” ခေါင်းစဉ် ဖြင့် ကျောင်းသား၊ ကျောင်းသူ  လူငယ်လူရွယ်များအနေဖြင့်  စာ​ပေတတ်​မြောက်ရန်ပင်မက အနာဂတ်ဘဝ အတွက် ဗလငါးတန် ဖွံ့ဖြိုးပြီး မျိုးဆက်သစ်လူငယ်၊ လူရွယ်များ အရာရာကို စဉ်းစား​တွေး​ခေါ်​နိုင်​စေရန် အမှား အမှန်ကို ခွဲခြားသိမြင်နိုင်​စေရန်၊ ဉာဏ်ပညာနှင့် ချင့်ချိန်ဆုံးဖြတ်နိုင်​စေရန် အ​ရေးကြီး​ကြောင်း အသိပညာ​ပေး ဟောပြောခဲ့ကြသည်။

အဆိုပါ ​ဟော​ပြောပွဲသို့  ဆရာ၊ ဆရာမများ၊ ​ကျောင်းသား၊ ကျောင်းသူ (၁၀၀) ​ကျော်တက်​ရောက်ခဲ့ကြ​ကြောင်း သတင်းရရှိသည်။

မေခမွန်(ပြန်/ဆက်)