နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ ဇူလိုင် ၁၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့တို့ပူးပေါင်း၍ Online စနစ်ဖြင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို  အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က Online စနစ်ဖြင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိရွှေစင်ဦးက အာဇာနည်ဆိုတာ သင့်မသင့်ကို ခဏခြင်းကောင်းစွာသိ၍ ရဲဝံ့စွာဆောင်ရွက်နိုင်သူ၊ အများအကျိုးအတွက် အသက်ကိုစွန့်လွှတ်ဝံ့သူဖြစ်ကြောင်း၊ မြန်မာအဘိဓါန်ထဲမှာတော့ အကြောင်းဟုတ်မဟုတ်ကိုကောင်းစွာသိသူ၊ သာမန်ထက်လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူလို့ အဓိပ္ပာယ်ဖွဲ့ဆိုထားကြောင်း၊  အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့ပုံနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများသည် ခေါင်းဆောင်ကြီးများ အသက်သွေး၊ ချွေး၊ စည်းစိမ်းတို့ဖြင့် ရင်းနှီးတည်ဆောက်ထားသည့် အမိမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ရေးအတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်းသွားမှသာလျှင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသစ္စာစောင့်သိရာရောက်ကြောင်း၊ လွမ်းဆွေးတသသဖြင့် အာဇာနည်နေ့ကို မကျော်ဖြတ်ဘဲ၊ အာမာန်ဇွဲအပြည့်ဖြင့် အာဇာနည်နေ့ကို ကျော်ဖြတ်ရန်လိုကြောင်း စသည့်အကြောင်းအရာများအား  အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော်(ပြန်/ဆက်)