ကျောက်ဆည် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့အကြောင်းသိရှိစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယနေ့မွန်းလွဲ(၂)နာရီက ၂၀၂၂ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီး များ၏ စိတ်ဓာတ်နှင့်ကိုယ်ရေးအတ္ထုပတ္တိများအကြောင်း၊ အာဇာနည်စိတ်ဓာတ်များအကြောင်း သိရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံအတွက် မမေ့အပ်သည့် နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သောကြောင့် နှစ်စဉ်ဇူလိုင်လ(၁၉)ရက်နေ့ရောက်တိုင်း အာဇာနည်နေ့အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အာဇာနည်စိတ်ဓာတ်များကို အတုယူကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အလယ်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၅၁)ဦး ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် လက်ထေက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)