မိုင်းပန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်ကြားခဲ့သောဆရာ/ဆရာမများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မိုင်းပန် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်ကြားခဲ့သော ဆရာ/ဆရာမများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းပန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက(မိုင်းပန်)မှကျောင်းသား/ကျောင်းသူများက ဘက်စုံပညာကိုရည်သို့ လှမ်းချီသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကာ အခမ်းအနားတွင် လင်းခေးခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးညီညီက အဖွင့်အမှာစကားပြောကြားပြီး မိုင်းပန်မြို့နယ် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ဂုဏ်ပြုပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မိုင်းပန်မြို့နယ် ပညာရေးမှူး ဦးဖုန်းမောင်က မြို့နယ်ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှူနှင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကိုလည်းကောင်း အသီးသီးအမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မိုင်းပန်မြို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက အကအလှများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြကာ အထက(မိုင်းပန်)မှ ကျောင်းသား/ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားပြီးမြောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မိုင်းပန်မြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းသိန်း၊ ခရိုင်ပညာရေးမှူး ဦးညီညီနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

မိုင်းပန်(ပြန်/ဆက်)