နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဆီစက်နှင့်ဆန်စက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

လယ်ဝေး ဇူလိုင် ၁၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ဆီစက်နှင့်ဆန်စက်လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ် အေလာရှိ ပြည်လုံးချမ်းသာဆန်စက်နှင့်ဆီစက်တို့သို့ သွားရောက်၍ လုပ်ငန်းလည်ပတ်မှု ကုန်ကြမ်းရရှိမှုနှင့် ထွက်ရှိလာသည့်ပစ္စည်းများအား အသုံးပြုမှုစသည်တို့ကိုကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အေလာဒေသရှိ ဆန်စက်နှင့်ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒေသထုတ်ကုန်တိုးမြှင့်ရေးနှင့် အရည်အသွေးမြင့်မားရေးတို့အတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးကာ ဈေးကောင်းရရှိစေရေးတို့အတွက် ဒေသခံတောင်သူများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် ဦးဝင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာလှမျိုးသန့်တို့က ဒေသတွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် စပါးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း၊ နေကြာနှင့်အခြားဆီထွက်သီးနှံများအား အထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းမွန်စေရေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာများ ထုတ်လုပ်အသုံးပြုနိုင်ရေး၊ ဆန်စက်နှင့်ဆီစက်တို့မှ ထုတ်ကုန်ပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ပြုလုပ်နိုင်ရေးစသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဆန်စက်နှင့်ဆီစက်လုပ်ငန်းရှင်များက လုပ်ငန်းများ ယခုထက်မက ထုတ်လုပ်နိုင်ရန်၊ တိုးချဲ့နိုင်ရန်အတွက် အတိုးငွေအနည်းငယ်ဖြင့် ချေးငွေများရရှိရေး၊ တစ်နှစ်ပတ်လုံးကုန်ကြမ်းမပြတ်စေရန် ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဆန်စက်နှင့်ဆီစက် လုပ်ငန်းရှင်များအသင်း ထူထောင်ခွင့်ရရှိစေရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)