လားရှိုး ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူခဲ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အဆိုပါပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများအား တစ်ပြိုင်နက်ကျင်းပရာ လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre၊ သင်တန်းခန်းမတွင် စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲအားလည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်တွင် ဗိုလ်ချုပ်ပုံတူခဲပန်းချီပြိုင်ပွဲအားလည်းကောင်း လားရှိုးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကြည်ရှုလေ့လာခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဇူလိုင်လ(၁၅)ရက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး