တိုက်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆရာ၊ ဆရာမများအား Booster ထိုးနှံခြင်းများ ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ် မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ပျဉ်းမကုန်းကျေးရွာအုပ်စု တဘူးဝကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ ကျောင်းသားကျောင်းသူ ၂၅ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ ကျောင်းသား ကျောင်းသူ ၁၉၅ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၂၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကျန်းမာရေးဝန်ထမ်းများက  ကွင်းဆင်းထိုးနှံပေးသည်။ အလားတူ တိုက်ကြီးမြို့နယ် တော်လတီကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းစုရပ်၌ အခြေခံပညာအထက်တန်းကျောင်း(တော်လတီ)မှ ကျောင်းသား၊ ကျောင်းသူများ၊ တော်လတီကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ဖက်ဝန်းကုန်းကျေးရွာ၊ ဘောလကွတ်ကျေးရွာ၊ ဘေးမဲ့ကျေးရွာ၊ တဘီးစားကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကြာအင်းကျေးရွာနှင့် ဇလုပ်ကုန်းကျေးရွာရှိ အ​ခြေခံပညာမူလတန်းလွန်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စုပေါင်း၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ ၄၁ ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ ၄၅၉ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၀၀ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အဆိုပါ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ( ၁၁) ဦး တို့ကိုလည်း ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး Booster ထိုးနှံပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ ကို​ဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခြေခံပညာကျောင်းများ၌ ကွင်းဆင်း ထိုးနှံရာတွင်  ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာဆရာမများ၊ ရပ်ကွက် / ကျေးရွာ အထောက်အကူပြုအဖွဲ့များက   လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)