မိုးညှင်း ဇူလိုင် ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် (၉)နာရီခွဲက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေများ လာရောက် ဖတ်ရှုလေ့လာကြစေရန်အတွက် ရည်ရွယ်၍ အမက(သာစည်)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၅)ဦးတို့က ဆေးရောင်ခြယ်၊ စက္ကူခေါက်နှင့် ပုံပြင်ပြောပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြရာ ဆုများ ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဇူလိုင်(၁၅)ရက်နေ့တွင် ဆုများကို ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲ များကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြိုပွဲများသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အာဇာနည် ခေါင်းဆောင်(၉)ဦး၏ မှတ်တမ်းဓါတ်ပုံများနှင့် ကိုယ်ရေးအကျဉ်းအချက်အလက်များ၊ သဘာဝဘေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၏ ဆိုးကျိုးများ စသည်တို့ကို ခင်ကျင်းပြသခဲ့ရာ ကျောင်းသားကျောင်းသူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)