နမ့်စန်(တ) ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(လွိုင်လင်)မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းမှစတင်၍ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧက ကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ တစ်ဧကကိုကျပ် တစ်သိန်းနှုန်းဖြင့် စပါး ၆၄၀၀ ဧက၊ အခြားသီးနှံ ၂၄၀၀ ဧက၊ စုစုပေါင်းတောင်သူ ၁၅၅၀ ဦးအတွက် ငွေကျပ်သိန်းပေါင်း ၁၂၀၀၀ ထုတ်ပေးနိုင်ရန်လျာထားပြီး မေလကုန်မှစ၍ စတင်ထုတ်ချေးခဲ့ကာ ဇူလိုင်လ ၁၃ ရက်နေ့ထိ ဟိုင်းနားကြီးကျေးရွာအုပ်စု၊ ဟိုင်းလိုက်ကျေးရွာအုပ်စု၊ နောင်ဟီးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအုပ်စုနှင့် ခိုလမ်မြို့ရပ်ကွက် (၁) နှင့်(၆) တို့မှ တောင်သူ စုစုပေါင်း ၂၉၆ ဦးအတွက် ငွေကျပ်သိန်း ၂၂၃၀ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ဇူလိုင်လ ၁၄ရက်နေ့တွင် ဝမ်ပိန်းကျေးရွာအုပ်စုရှိအုပ်စုရှိ တောင်သူ ၁၄၄ ဦးအား စပါး(၆၄၅)ဧကနှင့် အခြားသီးနှံ (၅၉)ဧကအတွက် စုစုပေါင်း ငွေကျပ် ၁၀၂၆ သိန်း နှင့် ၅သောင်းကျပ် ကိုထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့်ကျန်ရှိသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း အမြန်ဆုံးဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (လွိုင်လင်) မန်နေဂျာ(တာဝန်ခံ) ဒေါ်ခင်မြဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)