ဗန်းမော် ဇူလိုင် ၁၄
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အာဇာနည် ပုဂ္ဂိုလ်(၉)ဦးတို့၏ အတ္တုပ္ပတ္တိအကျဉ်းကို အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်များ၏ သမိုင်း မှတ်တမ်းစာအုပ်များ၊ အသိပညာဗဟုသုတ ရရှိစေသည့် သုတ/ရသစာအုပ်များ၊ စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ခင်းကျင်းပြသထားသည့် အာဇာနည်ပုဂ္ဂိုလ်(၉)ဦးတို့၏ အတ္တုပ္ပတ္တိ အကျဉ်း နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါး ကာကွယ်ရေး ဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်သူများ ဖတ်ရှုလေ့လာနိုင်စေရန် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ခင်းကျင်းပြသပေး လျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)