သိန္နီမြို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးစပ်ခြင်း၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

သိန္နီ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊သိန္နီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်(အကြို) ကဗျာရေးစပ်ခြင်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဉမ္မာချိုက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းခြင်း၊ သိန္နီမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များနှင့် ပတ်သက်၍ စဉ်ဆက်ပျက် လေ့လာသင်ယူရန်နှင့် ကြိုးစားပါဝင်ယှဉ်ပြိုင်ကြရန် စသည့်အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၃၀)ဦးက အာဇာနည်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် ကဗျာရေးစပ်ပြိုင်ပွဲအားလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးက အာဇာနည်နေ့တို့မမေ့ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲအားလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးက မဲစနစ်ဖြင့် ကျရာခေါင်းစဉ်များကို  ကဗျာရွတ်ဆိုခြင်းဖြင့်လည်းကောင်း  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အောင့်မေ့ သတိရ၍ မျိူးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်အတွက်ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်ဉမ္မာချိုထံမှ သိရသည်။

စောဉမ္မာ(သိန္နီ)