ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်စာဖတ်အသင်း(youth club)နှင့် စာဖတ်ဝိုင်းပြုလုပ်

ပင်းတယ ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် (Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားထားသည့်" သူတို့ ဘာကြောင့် ကမ္ဘာကျော်တာလဲ "စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက  ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများမျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် (Youth Club)လူငယ်အဖွဲ့ဝင်များက ထိုစာအုပ်ပါ ကမ္ဘာ့အကျော်ကြားဆုံး တီတွင်ပညာရှင် သောမတ်စ်အယ်ဒီဆင်အကြောင်း၊ ဆင်းရဲသားလေးကနေ အာရှမှာအချမ်းသာဆုံးဖြစ်လာသူ ဟောင်ကောင်သူဌေးကြီး လီကာရှင်းအကြောင်းတို့ကို အားကျအတုယူဖွယ်နှင့် ၎င်းတို့၏ အတွေးအမြင်၊ အသိပညာများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)အနေဖြင့် ကျောင်းသားလူငယ်များနှင့် အများပြည်သူ ဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ်စာစောင်များကို လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ဆက်)