မိုင်းလုံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့သမိုင်းကြောင်းနှင့် အခြားသိမှတ်ဖွယ်ရာများကို အမှတ်ရစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်စုစုဝင်းမှ အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိအောင် အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦးနှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရသည့် အကြောင်းအရာများ၊ လုပ်ကြံခံရသည့်နေ့ကို အာဇာနည်နေ့ဟုသတ်မှတ်ပြီး ထို့နေ့ကို အစိုးရရုံးများ၊ ကျောင်းများ၊ ပုဂ္ဂလိကစက်ရုံ/ရုံးများကိုပိတ်၍ နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားသောအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓါတ်ကိုလေးစားအားကျ၍ ယနေ့ခေတ်လူငယ်များမှာ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိပြီး ကိုယ်နိုင်ငံကို ချစ်မြတ်နိုးထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးခဲ့သည်။
အာဇာနည်နေ့အကြိုဟောပြောပွဲတွင် အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ(၂၀)ဦး တက်ရောက်ပြီး အခြားပြိုင်ပွဲများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)