ကျောက်မဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ရက်သတ္တပါတ် လှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၁၀) နာရီအချိန်က ၎င်းတို့၏ရုံးတွင် ကျွဲ၊ နွား၊ ဝက် တိရိစ္ဆာန်များ ရာသီအလိုက်ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါများ အကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောက်မဲခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ဝင်းက ကျွဲ၊နွားများတွင်ဖြစ်ပွားတတ်သည့် ကျွဲ၊ နွား အရေပြား အကျိတ်နာရောဂါ၊ ခွာနာလျှာနာရောဂါများအပါအဝင် အာဖရိက ဝက်အပြင်းဖျား ရောဂါများနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံနှင့် ရောဂါကာကွယ်ရန် နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ယင်းဟောပြောပွဲသို့ ပန်ပေါင်း၊ ဟိုမုန်း၊ စခန်းသာနှင့် နားအိုက်ခန့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွဲ၊နွား၊ဝက် မွေးမြူရေးလုပ်ကိုင်သူ ဦးရေ (၃၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)