မော်လမြိုင် ဇူလိုင် ၁၄
မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ တွင် ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ်အတွင်း ယာဉ်မတော်တဆ ထိခိုက်မှုမရှိစေရေး အလေးထား ကြပ်မတ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မော်လမြိုင်မြို့တွင် Safe City စနစ် ဖော်ဆောင်နေပြီ ဖြစ်သည့်အတွက် မှတ်တမ်းများဖြင့် စီစစ် အရေးယူရန် ဖြစ်ကြောင်း၊ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ယာဉ်ကြံ့ခိုင်မှုနှင့် မောင်းနှင်သူ၏ ကျွမ်းကျင်မှုများ စစ်ဆေးခြင်း ဆောင်ရွက်ရန်၊ ပြည်နယ်အတွင်း ဖြစ်ပွားသည့် ယာဉ်မတော် တဆမှုများတွင် မော်တော်ဆိုင်ကယ် အသုံးပြု မောင်းနှင်သူများ၏ ပေါ့လျော့မှုကြောင့် ဖြစ်ပွားရသည့် ဖြစ်စဉ်များ များပြားသည့်အတွက် အများပြည်သူ အသုံးပြုလမ်းများတွင် ဆိုင် ကယ်ကို အရှိန်လွန် မောင်းနှင်မှု မရှိရေး၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်း၍ စီးနှင်းရေး အသိပညာ ပေး ဆိုင်းဘုတ်များ ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေး ပြီး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ ယခင်နှစ်များက ဖြစ်ပွားသည့် ဖြစ်စဉ်များကြောင့် ထိခိုက် ပျက်စီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့ခွဲမှူးက မော်တော်ယာဉ် မတော်တဆမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိရေး စီမံဆောင်ရွက် ထားသည့် အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် အိမ်ထောင်စုနှင့် လူဦးရေစာရင်းများ ကောက်ယူ ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်များအလိုက် ဖြည့်သွင်းရမည့် စာရင်းဇယားပုံစံများ ထည့်သွင်းခြင်းကို စတင် ဆောင်ရွက်မည် ဖြစ်သဖြင့် လုပ်ငန်းအောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်အလိုက် ဖြည့်သွင်းရမည့် စာရင်းဇယား အချက်အလက် မှန်ကန်ရေး ကြိုတင် ပြင်ဆင်မှုဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ် လူမှုရေးရာဝန်ကြီးက လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး၊ ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဖြည့်ဆည်းရမည့် အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)