ဟိုပုံး ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တောင်သူများဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိစေရန်ရည်ရွယ်၍ နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ခုနှစ်မိုးရာသီတွင် (၇၅)ဧကနှင့် ဆောင်းရာသီတွင် (၁၆၄)ဧက စိုက်ပျိုးရန်လျာထားကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် နေကြာသီးနှံကို မြေပဲ/ပဲပုတ်သီးနှံတို့နှင့် သီးညှပ်အဖြစ်စိုက်ပျိုးပြီး ယာစပါး၊ အစေ့ထုတ်ပြောင်းသီးနှံတို့တွင် သီးထပ်အဖြစ်စိုက်ပျိုးကြသည်။ ယခုနှစ်မိုးရာသီတွင် နေကြာသီးနှံကို ဆင်းရွှေကြာ(၂)မျိုးဖြင့် မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်ခြင်း(၅)ဧကနှင့် စားသုံးဆီထုတ်လုပ်ရန် အတွက် ရေဆင်းစပ်မျိုး(၁) နေကြာ(၇၀)ဧကလျာထားကြောင်းသိရသည်။ မျိုးစေ့ထုတ်စိုက်ခင်း (၁)ဧက မှထွက်ရှိသောမျိုးများကို စိုက်ခင်း(၃၀-၅၀)ဧကထိ မျိုးအဖြစ်ပြန်လည်ဖြန့်ဝေနိုင်ပြီး ယခုနှစ် မိုးရာသီ တွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းမှ မျိုးများကို လာမည့်ဆောင်းရာသီတွင် မျိုးအဖြစ် ပြန်လည်ဖြန့်ဝေမည်ဖြစ်ကြောင်းသိရသည်။ စားသုံးဆီအတွက် စိုက်ပျိုးသော ရေဆင်းစပ်မျိုး(၁)မျိုး မှာသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင်တင်း(၃၀)ခန့်အနည်းဆုံးထွက်ရှိပြီး တစ်တင်းလျှင်(၃-၄)ပိဿာခန့်ထွက်ရှိ၍ တစ်ဧကလျှင်နေကြာဆီ(၉၀-၁၂၀)ပိဿာ အနည်းဆုံးရရှိမည် ဖြစ်သည်။ ယခုနှစ်တွင် ဟိုပုံးမြို့နယ်၌ နေကြာသီးနှံကို (၁၂၅)ဧက တိုးချဲ့စိုက်ပျိုးရန်လျာထားပြီး နေကြာစိုက်ပျိုးရန်အတွက် လိုအပ်သောမျိုးကောင်းမျိုးသန့်များ၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုစောင့်ရှောက်ခြင်းနည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နည်းများနှင့် ရိတ်သိမ်းချိန် လွန်နည်းပညာများကို တောင်သူများ အချိန်မီ သိရှိစေရန်အတွက် ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)