မိုင်းယု ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်မားလာစေရန်အတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက “စာဖတ်ခြင်းကြောင့် စာရိတ္တနှင့် စိတ်နေသဘောထား ပြည့်ဝရင့်ကျက်လာ မည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးအတွက် အစာအဟာရလိုသလို အသိဉာဏ် ဖွံ့ဖြိုးရေး အတွက် စာဖတ်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့အတွက် ရတနာဖြစ်သော လူငယ်များ အနေဖြင့် စာပေဖတ်ရှုမှုကို အလေးထားကြရမှာဖြစ်ကြောင်း၊ “အလိမ္မာစာမှာရှိ” “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသည့်အတိုင်း စာအုပ်များသည် သစ္စာရှိသော ထာဝရမိတ်ဆွေ များဖြစ်ကြောင်း” ဆွေးနွေးခဲ့သည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်နှင့် ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းတို့က “စာဖတ်ခြင်းသည် လူ၏တန်ဖိုးကို တိုးတက်စေမည် ဖြစ်ကြောင်း”နှင့် “စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ”အကြောင်းကို အသီးသီးဆွေးနွေးခဲ့ကြပြီး၊ အဆိုပါ အသိပညာပေးဆွေးနွေးခြင်းများကို အွန်လိုင်းစနစ်ဖြင့် လွှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အားချာ