ခရမ်း ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ရဟန်းသံဃာရှင်သူမြတ်များအား စုပေါင်းဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ခရမ်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီခန့်က ကျင်းပခဲ့ကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့ ခရမ်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးဦးအောင်ရဲနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသောသူများက ဩကာသကန်တော့ချိုးအစချီ၍ ရှိခိုးကန်တော့ကြပြီး သံဃာတော်ဆရာတော်ထံမှ ငါးပါးသီလနှင့် သရဏဂုံဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် ဆရာတော်က ရေစက်ချ၊ အနုမောဒနာတရားချီးမြှင့်ပေးခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)