လှည်းကူးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်

လှည်းကူး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပန်းချီဆွဲပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန  (CommunityCentre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများ အစဉ်အမြဲ အမှတ်ရစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး နောက်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၇)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့် ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက်သွာလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာ မှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်အတွက် ကာယ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲများ နှင့် စာကြည့်တိုက်လှုပ်ရှားဆောင်ရွက်မှုများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့