သီပေါ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲအား “၁၉ ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲအား"အာဇာနည်နေ့တို့မမေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “၁၉ ဇူလိုင်”ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “စိန်ရတုတိုင်ခဲ့ပြီ အာဇာနည်”ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၆)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၄၃)ဦး၊ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကဗျာ၊ဆောင်းပါးပြိုင်ပွဲတွင် (၇)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)