နောင်တရား ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပေါ့အင်ကျေးရွာအုပ်စု၊ လွယ်တက်ကျေးရွာမှ ဂျင်းစိုက်တောင်သူတစ်ဦးက ဂျင်းဥမနှင့် ဂျင်းအသစ်များ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
“ယခင်နှစ်က ဂျင်းဈေး တစ်ပိဿာ ၁၀၀ကျပ်မှ ၃၀၀ကျပ်နဲ့ဝယ်ကြတော့ မရောင်းဖြစ်ဘူး အကုန်ပြန်စိုက်လိုက်တယ် ဒီနှစ်လည်းယခုအချိန်ထိ ဂျင်းဈေးမတက်လာဘူး ယခု အောင်ပန်းကုန်စည်ဒိုင်မှ တစ်ပိဿာ ၃၀၀ကျပ်မှ ၅၀၀ကျပ်အထိဘဲရောင်းရတယ် ပွဲစားခ၊ ကားခ၊ အလုပ်သမားခနုတ်ရင် တစ်ပိဿာ ၁၀၀ကျပ်လောက်ဘဲကျန်တယ် ဂျင်းဥမလည်းဈေးကောင်း မရ၊ ဂျင်းသစ်လည်း ဈေးကောင်းမရရင်တော့ရှုံးပြီပေါ့ ဂျင်းစိုက်တာကုန်ကျစရိတ်သက်သာလို့ တော်သေးတယ် ယခုလိုပေါက်ဈေးနဲ့သာဆို အများကြီးရှုံးမှာ”ဟု လွယ်တက်ကျေးရွက်မှ ဂျင်းစိုက်တောင်သူတစ်ဦးကပြောသည်။ ယခုရာသီတွင် ဂျင်းဥမများကို ပြန်လည်တူးဖော်လျက်ရှိပြီး လုပ်သားနှင့် မြေဩဇာဈေးနှုန်းများခြင်းကြောင့် စိုက်ပျိုးရေးစရိတ်မှာ ယခင်နှစ်တွေထက် မြှင့်မားနေပြီး ဂျင်းဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များကို အောင်ပန်းကုန်စည်ဒိုင်မှတဆင့် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလျက်ရှိသည်။ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကောင်းရရှိရန်၊ အာမခံချက်ရရှိရန်နှင့် စိုက်ပျိုးရေးကုန်ကျစရိတ် သက်သာအောင် ဆောင်ရွက်ပေးနိုင်ရန်အတွက် မျှော်လင့်လျက်ရှိကြောင်း အဆိုပါတောင်သူက ပြောသည်။
ခွန်အောင်(နောင်တရား)