ညောင်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ကြိုတင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ညောင်ဦး  ဇူလိုင်  ၁၄

မန္တ‌လေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ အနော်ရထာရပ်ကွက်၌ ဖွင့်လှစ်ထားရှိသည့် ပုဂံမူကြိုကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဂံမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ ထူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန်အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိရာ ပိုးလောက်လမ်းများ ပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ တာယာကွင်းများအတွင်းဝင်ရောက်နေသည့် ရေများကိုသွန်ပစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ငြိပေါက်ပွားနိုင်သည့် ပိုးလောက်လမ်းများကို ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်အတွင်း ဖွင့်လှစ်ထားရှိသည့် ပုဂံမူကြိုကျောင်းဝင်းအတွင်း ခြင်ပေါက်ပွားနိုင်သည့် နေရာများ၊ ခြင်ရှိသည့်နေရာများအား ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ညောင်ဦးမြို့၊ အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ