သိန္နီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

သိန္နီ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရေးအတွက် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ငှားရမ်းပေးရာတွင် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားလူငယ်များနှင့် ကလေးငယ်များ ဗဟုသုတတိုးပွားစေရန်အတွက် သုတစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ဂျာနယ်များနှင့် ကလေးများအတွက် ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များကို သိန္နီမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်။ “စာအုပ်များကို နယ်လှည့်ကွင်းဆင်းပြီး လာရောက်ငှားရမ်း ပေးခြင်းအတွက် ကျွန်မတို့အနေနဲ့ ဗဟုသုတများစွာရရှိပါတယ်။ ကျွန်မတို့မှာ ရုံးလုပ်ငန်းများ၊ မိသားစုကိစ္စ များနဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းဖို့ အခက်အခဲဖြစ်တဲ့အချိန်မှာ ကြိုက်နှစ်သက်ရာစာအုပ်များကို အခမဲ့အသင်းဝင်ပြီး ရုံးများအရောက် လာရောက်ငှားရမ်းပေးသည့်အတွက် အဆင်ပြေမှုရှိကြောင်း “ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်း ဒေါ်စုစုမာက ပြောကြားသည်။ သိန္နီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ တစ်ပတ်လျှင် တစ်ကြိမ် နယ်လှည့်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)