ပျော်ဘွယ် ဇူလိုင် ၁၄
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုလေ့လာ အသုံးပြုလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားပြိုင်ပွဲငယ်များကျင်းပပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ယနေ့ကျင်းပပြုလုပ်ပေးတဲ့ပြိုင်ပွဲလေးတွေက ကျွန်မတို့မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ကို လာရောက် ဖတ်ရှုအသုံးပြုနေတဲ့ ကျောင်းသား၊ကျောင်းသူ လူငယ်လေးတွေကို ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်သန်စွမ်းစေဖို့၊ စိတ်အေးချမ်းကြည်လင်တက်ကြွစေဖို့၊ အသင်းအလိုက်ပူးပေါင်းဆောင်ရွက် တတ်တဲ့အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူကရှင်းပြသည်။
ဆက်လက်၍ မျှော့ကွင်းပိုက်ဆက်သယ်ဆောင်အားကစားနည်းအပြင် အခြားအားကစားငယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)