သဘာဝမြေဩဇာပြုလုပ်ခြင်း၊ တောင်သူအကျိုးပြုပညာပေး Talk Show ကျင်းပ

ညောင်ဦး ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စီစီမြိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)တို့မှ ယမန်နေ့က သဘာဝ မြေဩဇာပြုလုပ်ခြင်း၊ တောင်သူပညာပေး Online Talk Show ရိုက်ကူးထုတ်လွှင့်ခြင်း အစီအစဉ်အား ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စီစီမြိုင်က သဘာဝမြေဩဇာပြုလုပ်ခြင်း၊ တောင်သူအသိပညာပေး ဖြေကြားဆွေးနွေးရာ သီးနှံ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတုဆေးဝါးကင်းလွတ်ပြီး အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သီးနှံ၏အရည်အသွေးကောင်းမွန် ရန်အတွက်သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲရန် ပညာပေးရိုက်ကူးထုတ်လွှင့်ရခြင်းဖြစ်ကြောင်း၊ သဘာဝမြေဩဇာပြုလုပ်ရာတွင် ကောက်ရိုး၊ နှမ်းရိုး၊ ပဲမှော်၊ သစ်ရွက်ဆွေး၊ ပလတ်စတစ်မပါအမှိုက်ဆွေးများ၊ ငှက်ပျောဖက်၊ သစ်ရွက်အစို၊ သစ်ရွက်အခြောက်များနှင့် နွားချေးသုံးတင်း မှလေးတင်း၊ EM အကျိုးပြု(အဏုဇီဝဖျော်ရည်)နှင့် မြေဆွေးပုံကောင်းစွာ ဆွေးမြေ့စေရန်အတွက် ပလတ်စတစ်အုပ်ဆိုင်းရန် လိုအပ်ကြောင်း၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲရာတွင် တစ်ဧကအတွက် အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၄ ပေအရွယ်ရှိ မြေဆွေးပုံ ၄ ပုံလိုအပ်ပြီး၊ ပုံမှန်အားဖြင့် မြေဆွေးပုံပြုလုပ်သုံးစွဲရာတွင် တောင်သူများအသုံးပြုသည့် ပစ္စည်းများပေါ်မှာ မူတည်ပြီး အချိန်အားဖြင့် ၃ လမှ ၆ လထိ ကြာမြင့်နိုင်ကြောင်း၊ လေလုံခြုံမှုအပေါ်မူတည်ပြီး ဆွေးမြေ့ပုံကွာခြားသည့်အတွက် လေလုံအောင်ထားရှိပါက ဆွေးမြေ့လွယ်ပြီး စောလျင်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

ယခုအချိန်မှာ သွင်းအားစုဓာတ်မြေဩဇာတွင် ဈေးနှုန်းမြင့်တက်နေ၍ တစ်ဧကကုန်ကျစရိတ် မြင့်မားလာသည့်အချိန်တွင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပြီး သီးနှံများ၏ ဓာတုဓာတ်ကြွင်း အာနိသင်ကင်းစင်ပြီး အရည်အသွေးကောင်းသည့် သီးနှံများအဖြစ် ဖြန့်ဖြူးရောင်းချနိုင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထုတ်လွှတ်သော ဖန်လုံအိမ်ဓာတ်ငွေ့များ လျှော့နည်းစေမည့် စိုက်ပျိုးရေးနည်းစနစ်များ ကျင့်သုံးတတ်စေခြင်း၊ သီးနှံအကြွင်းအကျန်များ၊ မီးရှို့ခြင်းအစား သဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် ဩဂဲနစ်စိုက်ပျိုး နည်းစနစ်များအား တောင်သူများ သိရှိလိုက်နာဆောင်ရွက်လာခြင်းဖြင့် မြေဆီလွှာဂုဏ်သတ္တိ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ သဲဆန်သည့် မြေများတွင် ရေထိမ်းအားကောင်းစေပြီး မြေသားဖွဲ့စည်းမှုကောင်းမွန်လာစေခြင်း၊ မြေဆီလွှာ ပျက်စီးပြုန်းတီးမှု သက်သာစေခြင်း၊ မြေ၏ ချဉ်ငံဓာတ်ကိုလည်း မျှတစေဖို့ အထောက်အကူပြုလာခြင်းများကြောင့် တောင်သူများအနေဖြင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲကြရန် ရိုက်ကူးထုတ်လွှင့်ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ