လေဖြတ်လေငန်းရောဂါနှင့် တိုင်းရင်းဆေးပညာအသိပညာပေး Talk Show ပြုလုပ်

ဆိပ်ကြီးခနောင်တို ဇူလိုင် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်နေပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးအတွက် အစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းစီစဉ်ပြုလုပ်သည့် “ လေငန်းလေဖြတ်ရောဂါနှင့် တိုင်းရင်းဆေးပညာ”အကြောင်း အသိပညာပေး Talk Show ကို ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး Talk Show တွင် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်းက လေငန်းလေဖြတ်ရောဂါ၏အဓိပ္ပါယ်၊လေငန်းလေဖြတ် ရောဂါဖြစ်ပွားတတ်သည့် အသက်အပိုင်းအခြား၊ ရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်း၊၊ ရောဂါ လက္ခဏာများ၊ တိုင်းရင်းဆေးဖြင့် ရောဂါကုသပေးမှု ကုထုံးများအကြောင်း၊ ရောဂါဖြစ်ပွားချိန် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် လေငန်းလေဖြတ်ရောဂါ မဖြစ်ပွားအောင် ပြုမူနေထိုင်ရမည့် အချက်များအား အသိပညာပေး ပြောကြားပေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို အသိပညာပေး Talk Show များ ပြုလုပ်ပေးခြင်းအပြင်၊ အွန်လိုင်းမှတဆင့် စာအုပ်များ မိတ်ဆက်ဖတ်ပြပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြပေးခြင်း၊ ပြည်သူ့စာကြည့် တိုက်ရှိ သုတ/ရသစာအုပ်များအား စာဖတ်ပရိသတ်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊ စာကြည့်တိုက်လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များအတွက် အိမ်တိုင်ရာရောက် စာပေဝန်ဆောင်မှုပေးခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် စာပေနှင့်ပတ်သက်သည့် ပြပွဲ၊ ပြိုင်ပွဲများအား ပြုလုပ်ပေးခြင်းဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိအောင် အစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ