မာန်အောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

မာန်အောင် ဇူလိုင် ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာရေးအတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ကြီးကြပ်ပြီး ယမန်နေ့မွန်းလွဲပိုင်းက ရန်အောင်မြင်ရပ်ကွက်၊ ရန်အောင်မြင်ဘုရားကြီးကွင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်အခြေအနေ၊ မုန်တိုင်းအဆင့်ဆင့်ပြောင်လဲလာမှုတို့ကို ရပ်ကွက်အတွင်း လှည့်လည် ကြေညာခြင်း၊ မိုးလေဝသ သတင်းများကို နားထောင်စေခြင်း၊ မုန်တိုင်းအနီရောင်အဆင့်သို့ ပြောင်းလဲသွားသည်ဟု သတင်းရသဖြင့် ရပ်ကွက်အတွင်းရှိ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ခိုလှုံရာနေရာများသို့ ပြောင်းရွှေ့ဆောင်ရွက်ခြင်း၊ ထိုသို့ဆောင်ရွက်စဉ် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ရွှေ့ပြောင်းကူညီ ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်လုပ်ဆောင် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်လူမှုကူညီရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ပါဝင် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)