အောင်မြေသာစံ ဇူလိုင် ၁၄
(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံများကို သိရှိနိုင်စေရန် ရည်ရွယ်သည့် အသိပညာပေးဟောပြောပွဲကို အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၊ မြန္ဒာခန်းမဆောင်တွင်ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းတင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းတင့်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု ဆောင်ရွက်ချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိတ်တို့၏ သမိုင်းအကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် Grade-10 ကျောင်းသား မောင်သာထက်အောင်က "ဗိုလ်ချုပ်အောင်ဆန်း" အကြောင်းကို လည်းကောင်း၊ Grade - 11 ကျောင်းသား မောင်ကျော်မင်းသူက "သခင်မြ" အ ကြောင်းကို လည်းကောင်း၊ Grade - 10 ကျောင်းသား မောင်ခန်ကာ ကာကျော်က "မိုင်းပွန်းစော်ပွားကြီး စပ်စံထွန်း" အကြောင်းကိုလည်းကောင်း၊ Grade – 11 ကျောင်းသား မောင်သက်ပိုင်စိုးက "ဦးအုန်းမောင်" အကြောင်းကို လည်းကောင်း၊ Grade - 10 ကျောင်းသူ မနှင်းဖူးပွင့်က "မန်းဘခိုင်" အကြောင်းကို လည်းကောင်း၊ Grade - 11 ကျောင်းသူ မထက်ဧကရီဇော်က "ဒီးဒုတ်ဦးဘချို" အကြောင်းကို လည်းကောင်း၊ Grade - 11 ကျောင်းသူ မကြယ်စင်လင်းက "ဦးဘဝင်း" အကြောင်းကို လည်းကောင်း၊ Grade - 9 ကျောင်းသား မောင်ဝေယံထွန်းက "ဦးရာဇတ်" အကြောင်းကို လည်းကောင်း၊ Grade - 9 ကျောင်းသူ မမေစိမ်းသူ က "ရဲဘော်ကိုထွေး" အကြောင်းကို လည်းကောင်း အသီးသီး ဟောပြောကြသည်။
အဆိုပါဟောပြောပွဲအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုမှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်အတွင်း ပါဝင်ဆောင်ရွက်မှုမှတ်တမ်းများနှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး စာအုပ်၊ စာဆောင်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)