ကျိုင်းလပ်မြို့၌ ရေဆင်း (၁)စပ်မျိုးနေကြာများကို ဝမ်တုံကျေးရွာတွင် စံပြကွက်ဖြင့်စိုက်ပျိုး

ကျိုင်းလပ် ဇူလိုင် ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စု၊ ဝမ်တုံ ကျေးရွာတောင်သူ ဦးအိုက်ရွက်၏ ယာမြေတွင် ဇူလိုင်လ ၈ ရက်နေ့က ရေဆင်း (၁)စပ်မျိုးနေကြာများကို စံပြကွက်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများဖြင့်ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က စမ်းသပ်ကွက်ဖြင့် စိုက်ပျိုးထားသော နေကြာများဖြစ်ထွန်းအောင်မြင်၍ ယခုအခါ ရေဆင်း (၁)စပ်မျိုးနေကြာများကို စံပြကွက်ဖြင့် ၃ ဧက စိုက်ပျိုးထားပြီး ကျိုင်းလပ်မြို့အနေဖြင့် စုစုပေါင်းနေကြာစိုက်ဧက ၅ ဧက ရှိကြောင်း၊ နေကြာမျိုးများ စိုက်ပျိုးရာတွင် စိုက်ပျိုးမည့် မြေနေရာအား ထွန်ရေးညက်အောင် ထွန်ရပြီး မျိုးစေ့များကို တစ်ကျင်းလျှင် နှစ်စေ့နှုန်းဖြင့် နှစ်ပေကွာ ၉ လက်မဖြင့် အတန်းလိုက် စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၃ ကီလိုခန့် ကုန်ကျကြောင်း၊ ဓာတ်မြေဩဇာများကို မြေခံနှင့်အပင်သားခွဲ ဘောင်တင်ချိန်များတွင် ထည့်သွင်းပေးရကြောင်းနှင့် တစ်ဧကလျှင် ၅၅ တင်းမှ ၆၀ တင်းလောက် ထွက်ရှိနိုင်ပြီး၊ ဆီကြိတ်လျှင် တစ်တင်းကို နေကြာဆီ ၄ ပိဿာမှ ၄ ပိဿာခွဲထိ ထွက်ရှိနိုင်သောကြောင့် စီးပွားရေးအရ တောင်သူများအတွက်လည်း တွက်ခြေကိုက်သော ဆီထွက် သီးနှံပင်မျိုးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နေကြာများကို စိုက်ပျိုးရန် အကောင်းဆုံး အချိန်ကာလမှာ မိုးဦးတွင် မေလ မှ ဇူလိုင်လအတွင်း စိုက်ပျိုးနိုင်ပြီး၊ မိုးနှောင်းတွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးနိုင်သောကြောင့် ဒေသတွင်း စိုက်ပျိုးလိုသည့် တောင်သူများရှိပါက နေကြာ မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍနှင့် ပက်သက်၍ သိရှိလိုသည်များရှိပါက စိုက်ပျိုးရေးဦးစီးဌာနသို့ လာရောက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)