ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ရပ်ကွက်များအရောက် ကွင်းဆင်းထိုးနှံ

ဒဂုံမြောက် ဇူလိုင် ၁၄

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက အခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အမှတ်(၄၀)ရပ်ကွက်၊ ဓမ္မာရုံတွင် ဆေးထိုးစုရပ် သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါဆေးထိုးစုရပ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ(၂၀)ဦး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူ(၂၆၉)ဦးတို့အား တတိယအကြိမ်(Booster dose) အဖြစ် Covishield နှင့် Covaxin ကာကွယ်‌ဆေးများကို ကျန်းမာရေးဝန်ထမ်းများက  ဆက်လက်ထိုးနှံပေးခဲ့ပြီး ပုံမှန်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃၈)ရပ်ကွက်၊ မင်္ဂလာအေး ကျောင်းတိုက်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ(၅)ဦး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူ(၁၇၆)ဦးတို့အား တတိယအကြိမ် (Booster dose)အဖြစ် ကာကွယ်ဆေး ထိုးနှံ‌ပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မြင့်မြင့်ရီ