ဒဂုံတောင် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဌာနမှ မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ၊ မူလတန်းကြိုကျောင်းများ၊ အဓိကလမ်းမကြီးများ၊ အထင်ကရနေရာများတွင် သန့်ရှင်းသာယာလှပစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ခြင်အန္တရာယ်ကင်းဝေးစေရေး ရေမြောင်းများမှအမှိုက်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို ပြည်သူ့အကျိုးပြု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်၊ ထားဝယ်လမ်းမကြီးနှင့် မြို့နယ်အားကစားကွင်းဘေးတို့တွင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြသည်။
ထိုသို့သန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများ၊ ရေစီးရေလာဌာန၊ ပန်းဥယျာဉ်ဌာန၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန၊ လမ်းတံတားဌာနမှဝန်ထမ်းများ စုစုပေါင်းအင်အား(၂၈)ဦးက မြက်ရိတ်စက်(၂)လုံး၊ ပေါက်တူး၊ အမှိုက်သိမ်းယာဉ်တို့ဖြင့် အမြင်မတင့်တယ်မှုများ ရှင်းလင်းခြင်း၊ ခြုံနွယ်ပင်များ၊ မြက်ပင်များ ခုတ်ထွင်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ရေမြောင်းများ ဆယ်ယူခြင်းများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အဆိုပါသန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့၊ ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုကြောင်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
သက်မင်းဟန်(ဒဂုံတောင်)