လှိုင် ဇူလိုင် ၁၃
ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်(၁) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဝင်းသီတာမိုးက ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာဦးမင်းဆက်ပိုင်က တက္ကသိုလ်စိုးမိုးနိုင်ရေးသားသော “ဗိုလ်ချုပ်နှင့်အာဇာနည်တို့အကြောင်း” စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ အာဇာနည်နေ့ဆိုသည်မှာ၊ အာဇာနည်စိတ်ဓါတ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း၊ အာဇာနည်ခေါင်းဆောင်များ၏အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏စိတ်ဓါတ်ကိုလေးစားအားကျ၍ ယနေ့ခေတ်လူငယ်လူရွယ်များမှာ လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိပြီး ကိုယ်နိုင်ငံကို ချစ်မြတ်နိုးထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာဦးမင်းဆက်ပိုင်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
၀င်းသီတာမိုး (ပြန်/ဆက်)