အလုံ ဇူလိုင် ၁၃
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ အေး(ရန်ကုန်တက္ကသိုလ်)က အာဇာနည်စိတ်ဓါတ်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အသက်ပေး၍ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများ၊ အာဇာနည်ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓါတ်ကိုလေးစားအားကျ၍ ယနေ့ခေတ်လူငယ်လူရွယ်များ လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိပြီး မိမိနိုင်ငံကို ချစ်မြတ်နိုးထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိကြကြောင်းစသဖြင့် ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်များအား လေ့လာကြည့်ရှုကြကြောင်း သတင်းရရှိသည်။
တင်တင်ချို